သွေးတိုးရောဂါရှင်များ စားသင့်တဲ့ ရာသီပေါ်သစ်သီးများ
သွေးတိုးရောဂါဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားမှု အများဆုံးရောဂါတွေထဲက တစ်ခုပါ။ နှလုံးသွေးကြော အပါအဝင် ခန္ဓာကိုယ်ရဲ့ သွေးကြောနံရံတွေ ထူလာတာ၊ မာလာတာကြောင့် သွေးဖိအားများပြီး သွေးတိုးရောဂါရယ်လို့ ဖြစ်လာပါတယ်။
သွေးတိုးရောဂါ ရှိသူတွေဟာ အနေအထိုင်၊ အစားအသောက် ဆင်ခြင်မှ တော်ကာကျပါတယ်။ ဥပမာ အငန်နဲ့ အဆီအဆိမ့်တွေ အစားများတဲ့အခါ သွေးကြောတွေ ပိုပြီး မာလာ၊ ကျဥ်းလာပြီး သွေးစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေမှာပါ။
အခုအချိန်ဟာ ပွင့်လင်းရာသီဖြစ်တဲ့ နွေရာသီရောက်လာပြီမို့ သွေးတိုးရောဂါရှင်တွေ စားသင့်တဲ့ ရာသီပေါ် သစ်သီးလေးတွေအကြောင်းကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) သရက်သီး
နွေဟာ သရက်သီးတွေ လှိုင်လှိုင်ပေါတဲ့ ရာသီပါ။ သရက်သီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး နှလုံးညှစ်အားကို ကောင်းစေသလို သွေးစီးဆင်းမှုကိုလည်း ကောင်းစေပါတယ်။ သရက်သီးကို ဒီအတိုင်းစားတာ၊ ဖျော်သောက်တာ၊ မုန့်လုပ်တဲ့အထဲ ထည့်တာ စသဖြင့် အမျိုးမျိုး လုပ်စားလို့ ရပါတယ်။ အလွန်အကျွံစားရင်တော့ ခန္ဓာကိုယ်မှာ အပူဓာတ်များပြီး အပူကန်နိုင်ပါတယ်။
(၂) စတော်ဘယ်ရီသီး
စတော်ဘယ်ရီဟာ Antioxidants ကြွယ်ဝပြီး ရောင်းရမ်းတာတွေကို ကုသပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ဗိုက်တာမင်စီနဲ့ ပိုတက်ဆီယမ်လည်း များပြားစွာ ပါဝင်ပြီး Omega 3 Fatty Acid လည်း ပါဝင်လို့ နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် ဘာလိုသေးလဲနော်လို့ ပြောရမယ့် သစ်သီးတစ်မျိုးပါ။ ဖျော်သောက်တာ၊ သုပ်စားတာ၊ ဒီအတိုင်းစားတာအပြင် ခေတ်စားနေတဲ့ စတော်ဘယ်ရီကိတ်လည်း လုပ်စားလို့ရပါတယ် (ကိတ်မုန့်ကိုတော့ လျှော့စားပါ)။
(၃) ငှက်ပျောသီး
ငှကိပျောသီးက သွေးတိုးရောဂါရှင်တွေအတွက် အကောင်းဆုံး အစားအစာတစ်ခုပါ။ ငှက်ပျောသီးမှာ ဆိုဒီယမ်လျော့နည်းပြီး ပိုတက်ဆီယမ် များပြားစွာ ပါဝင်လို့ နှလုံးညှစ်အား ကောင်းစေသလို နေ့စဥ်စားရင် သွေးတိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝလို့ ဝမ်းချုပ်ခြင်း မဖြစ်စေသလို အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) ဖရဲသီး
နွေရာသီနဲ့ ဖရဲသီးစိတ်ချိုချိုလေး ဆိုတဲ့အသံဟာ ခွဲလို့မရတဲ့ ဟာမိုနီတစ်ခုပါပဲ။ ဖရဲသီးဟာ ဘီတာကယ်ရိုတင်း၊ ဗိုက်တာမင် C ၊ Antioxidants နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး သွေးဖိအားမတက်အောင် ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ဖရဲသီးမှာ ရေဓာတ်များစွာ ပါဝင်လို့ အပူဒဏ်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကိုလည်း ပြန်ဖြည့်ပေးနိုင်ပါတယ်။
(၅) ကီဝီသီး
ကီဝီသီးကတော့ အနည်းငယ် ရှားပါးပြီး စျေးကြီးတဲ့ ရာသီပေါ်အစားအစာလို့ ပြောလို့ရပါတယ်။ စူပါမားကတ်တွေမှာတော့ ဝယ်လို့ ရနိုင်ပါတယ်။ ကီဝီသီးမှာ Antioxidants ၊ သက်စောင့်ဓာတ်တွေနဲ့ အမျှင်ဓာတ် ကြွယ်ဝလို့ အစာခြေစနစ်ကို အထောက်အကူပြုပြီး ဝိတ်ကျဖို့လည်း အကူအညီ ဖြစ်စေပါတယ်။ ဗိုက်တာမင် C က ကိုယ်ခံအားကောင်းစေပြီး အသားအရေကို ချောမွေ့စေပါတယ်။ Folate လည်း ကြွယ်ဝတဲ့အတွက် သွေးတိုးကို ကျစေနိုင်ပါတယ်။
ဒီရာသီပေါ် အစားအစာတွေကို နေ့စဥ် စားတဲ့အပြင် ကိုယ်လက်လှုပ်ရှားတာ၊ ရေများများသောက်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ စိတ်ဖိစီးမှုနည်းအောင်နေတာ၊ သွေးပေါင်မှန်မှန်ချိန်တာ၊ ဆရာဝန်ညွှန်ကြားတဲ့ သွေးကျဆေး မှန်မှန်သောက်တာတွေလုပ်ရင် သွေးတိုးရောဂါရှိလည်း စိတ်ပူစရာလိုတော့မှာ မဟုတ်ပါဘူး။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။